September 11, 2022

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲကို ( ၁၁-၉-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ရှေးဦးစွာ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသူ/သား (၉)ဦး ကို မိတ်ဆက်စကားပြောကြားခဲ့ပြီး WLRC မှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ကိုယ့်နိုင်ငံအရေးမှာ တစ်ဒေါင့်တစ်နေရာက ပါဝင်ပေးခဲ့ကြလို့ တိမ်းရှောင်လာခဲ့ရသူ တစ်ဦးချင်းစီကို လေးစားပါသည်။ ဘယ်နေရာ ဘယ်ဒေသမှာပဲရောက်ရောက် ရောက်တဲ့နေရာမှာ ကြိုးစားအလုပ်လုပ်ကြရမှာမို့ အထည်ချုပ်ပညာကို စနစ်တကျလေ့လာသင်ယူပြီး တန်ဘိုးရှိရှိအသုံးပြုကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ –

• စစ်အာဏာရှင်ဖယ်ရှားရေးကို အစဉ်တစ်စိုက် ကြိုးပမ်းရန်၊

• အခက်အခဲတွေရှိပေမဲ့ ကျော်ဖြတ်ကြရန်၊

• ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးပမ်းရန်၊

• ပညာရပ်ကို လေးလေးစားစား သင်ယူရန်၊

• မိမိတို့၏အခွင့်အရေးများကို ရယူနိုင်သည်နှင့်အမျှ တစ်ဖက်တွင်လည်း သမိုင်းပေးတာဝန်များကို ကြိုးပမ်းကြရန်၊

• မိမိတို့ အသိုင်းအဝန်း လူမှုရေး ကွန်ယက်များကို ဖြန့်ကျက်ရန် ပြောကြားခဲ့ပါသည်။

သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။ အခြေခံ မော်တာနင်း စက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိပညာများကိုလည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။

အခြေခံ မော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

en_USEnglish