September 5, 2022

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၁၆) သင်တန်းဆင်းပွဲကို (၅-၉-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြရာ သင်တန်းကို အောင်မြင်ပြီးဆုံးသည့်အထိ တက်ရောက်ခဲ့သော သင်တန်းသူ/သား (၉) ဦးကို သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဆင်း သင်တန်းသား/သူများအားလုံး ဘဝအတွက် ခြေတစ်လှမ်းထပ်တိုးလှမ်းပြီဖြစ်သောကြောင့် ကြိုးစားကြပါရန်၊ မိမိဂုဏ်သိက္ခာ ကိုယ့်နိုင်ငံဂုဏ်သိက္ခာအတွက် တန်ဘိုးရှိရှိ ပညာရပ်ကို အသုံးချရန်၊ နိုင်ငံအရေး မမေ့လျော့ရန်၊ အဆင်ပြေ/မပြေ အချိန်မရွေး တိုင်ပင်နိုင်ရန်အတွက် Signal များကိုလည်း ပြင်ဆင်ပေးထားပြီးဖြစ်ကြောင်းနှင့် အချင်းချင်းစောင့်ရှောက်ကြပါရန် အားပေးစကား မှာကြားခဲ့ပါသည်။ သင်တန်းတက်ရောက်သူ သင်တန်းသူ/သားများကလည်း သင်တန်း၏ အားနည်းချက် အားသာချက်များကို ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ ဘယ်အရာကိုမဆို အားမလျော့ဘဲ ဇွဲနဲ့အရောက်သွားကြရန်၊ အချင်းချင်း ရိုင်းပင်းကူညီကြရန် နှင့် ကိုယ့်နိုင်ငံအတွက် တစ်ဒေါင့်တစ်နေရာကနေ ပါဝင်ကူညီကြရန် ပြောကြားခဲ့ပါသည်။ ပြီးနောက် New Myanmar Foundation ၏ အကူအညီ စောင့်ရှောက်မှုများကို ထပ်မံရှင်းပြပေး၍ လိုအပ်ပါက လျှောက်လွှာတင် ရယူကြရန်၊ Group မှတစ်ဆင့် အချင်းချင်းဆက်သွယ်ကြရန် မှာကြားခဲ့ပါသည်။

အခြခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –

၁။ လူ့အခွင့်အရေး၊

၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊

၃။ အမျိုးသမီးအခွင့်အရေး၊

၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊

၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊

၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန်နည်းလမ်းများ ကိုပါ မျှဝေခဲ့ပါသည်။

သင်တန်းဆင်းပြီးနောက် သင်တန်းသူ/သား (၉)ဦးကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပါသည်။

အခြေခံ မော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Smile Project နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

en_USEnglish