August 21, 2022
New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲကို ( ၂၁-၈-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ရှေးဦးစွာ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသူ/သား (၁၂)ဦးကို မိတ်ဆက်စကားပြောကြားခဲ့ပြီး WLRC မှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ရည်ရွယ်ချက်တွေတူကြလို့ ခုလိုဆုံစည်းကြတာဖြစ်တဲ့အတွက် တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် စောင့်ရှောက်ခွင့်လွှတ်ကြရန်၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံအတွက် တန်ဘိုးရှိတဲ့ သူတွေအဖြစ် ဆက်လက်ရပ်တည်ပေးကြရန်နှင့် အထည်ချုပ်သင်ကြားမှုတွေကိုလည်း အလေးအနက်ထား သင်ယူကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ –
စစ်အာဏာရှင်ဖယ်ရှားရေးကို အစဉ်တစ်စိုက် ကြိုးပမ်းရန်၊
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးပမ်းရန်၊
ပညာရပ်ကို လေးလေးစားစား သင်ယူရန်၊
မိမိတို့၏အခွင့်အရေးများကို ရယူနိုင်သည်နှင့်အမျှ တစ်ဖက်တွင်လည်း သမိုင်းပေးတာဝန်များကို ကြိုးပမ်းကြရန်၊
မိမိတို့ အသိုင်းအဝန်း လူမှုရေး ကွန်ယက်များကို ဖြန့်ကျက်ရန် ပြောကြားခဲ့ပါသည်။
သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားပါသည်။ အခြေခံ မော်တာနင်း စက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိပညာများကိုလည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။
အခြေခံ မော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။